Monday, October 22, 2007

စစ်တပ်အလုပ်

လားဟူကလေးမအား စစ်သားအုပ်စုလိုက် အဓမ္မပြုကျင့်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်း အခြေစိုက် ခမရ ၃၆၀ မှ နယ်လှည့်စစ်ကြောင်း တစ်စိတ်ခန့်သည် မိုင်းပြင်းမြို့ တောင်ဘက် တောထဲသို့ မျှစ်ထွက်ရှာသော အသက် ၁၆ နှစ်အရွယ် လားဟူကလေးမ တစ်ဦးအား ၄င်း၏မောင်လေး ရှေ့မှောက်၌ပင် အုပ်စုလိုက် အဓမ္မပြုကျင့်ကြကြောင်း နယ်စပ်ရောက် မိုင်းပြင်း ဒေသခံတစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ဂျူလိုင်လက ခမရ ၃၆၀ မှ ဗိုလ်ကြည်အောင် ဦးစီးသော တပ်သား ၁၀ ယောက်သည် မိုင်းပြင်း တောင်ဘက် ကျေးရွာများသို့ ၀င်ရောက် လှည့်ပတ်ရာ လားဟူ အမျိုးသမီး (အသက် ၁၆ နှစ်) နှင့် ၄င်း၏မောင်လေး (အသက် ၁၁ နှစ်) တောထဲ၌ ဆုံမိလေသည်။

ဗိုလ်ကြည်အောင်နဲ့ စစ်သား ၁၀ ယောက်က မောင်လေး ရှေ့မှာဘဲ အမ နားမီးဂျိုးကို မုဒိန်းကျင့်ကြတယ်။ ၀မ့်စန်း (ပလောင်ရွာ) အရှေ့ဘက် နမ့်အန်ချောင်း ဘေးမှာ ဗမာစစ်သားယောက်တိုင်း အဓမ္မပြုကျင့်ပြီးတာနဲ့ ဘယ်သူ့ကိုမှ သွားမပြောရဘူး၊ ပြောရင် တမိသားစုလုံး ပစ်သတ်မယ်။ ဘာ၊ ညာခြိမ်းခြောက်လိုက်တယ်တဲ့ဟု အဆိုပါ မိုင်းပြင်းဒေသခံက ပြောပြသည်။

၎င်းကဆက်၍ ကလေးမကတော့ ပြန်မပြောရဲဘူး။ သူ့မောင်လေးက မိဘအားလုံးကို ပြန်ပြောပြတော့ တရွာလုံး ပျံ့သွားတာ။ ရွာသူကြီးကလည်း အားကိုးလို့မရဘူး။ နအဖစစ်သားကို ကြောက်တာလွန်ရော၊ တာဝန်ယူ တိုင်ကြားပေးမဲ့သူမှ မရှိတာ၊ ဒီတိုင်းဘဲ ပြီးသွားတာပေါ့ဟု ဆို၏။

အဆိုပါ လားဟူမောင်နှမသည် မိုင်းပြင်းမြို့နယ် ဟောင့်ကန်အုပ်စု ဟိုနားရွာနေ အဖ ဂျဝို နှင့် အမိနားဖို့ တို့၏ သားသမီးများ ဖြစ်ကြပြီး မြို့ဈေးတက်ရောင်းရန် တောထဲ၌ မျှစ်သွားရှာစဉ် စစ်သားများ၏ အဓမ္မပြုကျင့်မှု ခံရခြင်း ဖြစ်သည်။

*************************************


သျှမ်း/အရှေ့ ကျေးရွာသမီးပျိုများအား နယ်လှည့်စစ်ကြောင်း ဗလက္ကာရပြုကျင့်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းအခြေစိုက် နယ်လှည့်စစ်ကြောင်း နအဖ စစ်တပ်များသည် ရောက်လေရာ ဒေသမှ အမျိုးသမီးများအား အဓမ္မ ပြုကျင့်လျက်ရှိကြောင်း တာချီလိတ်-မယ်ဆိုင် နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ယခုလ ရက်နေ့က မိုင်းပြင်းအခြေစိုက် ခလရ ၄၃ မှ ဗိုလ်ကြီး အောင်အောင် ဦးစီးသော အင်အား ၂၀ ရှိ စစ်ကြောင်း တစ်ကြောင်းသည် မိုင်းပူးအွန် တိုက်နယ်ဘက် နယ်လှည့်ထွက်ရာ၊ မိုင်းပြင်း တောင်ဘက် မိုင်ခန့် အကွာ မိုင်းပူးအွန်အသွား ကားလမ်းဘေးရှိ ယန်းမိုင်အုပ်စု အ၀င်လမ်း ကျူတန်မောက် လမ်းဆုံအနီး တောင်ယာသွားစောင့်နေသူ အမျိုးသမီး (အသက် ၁၈ နှစ်) နှင့် ဆုံမိလေသည်။

အဆိုပါ စစ်ကြောင်းသည် နန်းဆိုင်အား တွေ့ဆုံသည့် နေရာမှ မိုင်ခန့် ဝေးသည့် ၀မ့်မိုင်ကုန်းခါးရွာနှင့် ကီလိုဝက်ခန့် အကွာ နမ့်ယင်ချောင်း ဘေးသို့ ခြိမ်းခြောက် ဖမ်းခေါ်သွားပြီး ဗိုလ်ကြီးအောင်အောင် ကိုယ်တိုင် ဦးဆောင်၍ စစ်သား ၁၀ ယောက် အလှည့်ကျ အဓမ္မပြုကျင့်သည်ဟု ဆို၏။

မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ ဖြစ်တယ်၊ နှမချင်းမစာနာ၊ သမီးချင်း မစာနာ အဓမ္မပြုကျင့်တာ နန်းဆိုင်ခမျာ ညနေတိုင်အောင် နေရာက မထနိုင်ဘူးတဲ့။ ညနေခင်း ရောက်တော့ ကျွဲသွားရှာတဲ့ မိုင်းဖိုင်အုပ်စု ၀မ့်ပုံရွာက စိုင်းအင်းတာ့ က သွားတွေ့မိတော့မှ သူ့ကို အိမ်ပြန်ပို့ပေးတာ။ ရွာသူကြီးကို သူ့မိဘတွေ သွားတိုင်တော့လည်း မြန်မာစစ်သားတွေ ဒဏ်ပေးမှာ ကြောက်လို့ ဘယ်မှာမှ သွားမတိုင်ရဲဘူးတဲ့ဟု နယ်စပ်ရောက် မိုင်းပြင်းဒေသခံ တစ်ဦးက ပြောပြသည်။

နန်းဆိုင်သည် မိုင်းပြင်းမြို့နယ် ယန်းမိုင်အုပ်စု နားခေါရွာနေ ဦးလုံးဆော-ဒေါ်ပါအိုင်း တို့၏ သမီးဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက် ကလည်း မိုင်းပြင်းအခြေစိုက် ခမရ ၅၂၈ မှ ဗိုလ်ကြီး တစ်ယောက် ဦးဆောင်သော စစ်သား ၃၆ ယောက်ပါ စစ်ကြောင်းတစ်ခုသည် မိုင်းပြင်းအရှေ့ဘက် ၁၂ မိုင်ခန့် အကွာ ယန်းဟိုင်းအုပ်စု ဘက်သို့ ထွက်သွားရာ၊ ညနေ ၁၅း၀၀ နာရီခန့်တွင် ယန်းဟိုင်းသို့ ဈေးဝယ်ရာမှ ပြန်လာသည့် ရှမ်းအမျိုးသမီး (အသက် ၁၆ နှစ်) အား နမ့်တုံချောင်းဘေး တစ်ယောက်တည်း ထိုင်အနားယူနေသည်ကို တွေ့မိလေ၏။

ထို ရှမ်းအမျိုးသမီးအား ထိုစစ်ကြောင်းက ယန်းဟိုင်းဘက်သို့ ပြန်ခေါ်သွားပြီး ဆုံမိရာ နေရာနှင့် မိုင်ခန့် အကွာ နမ့်မတ်ရွာ နတ်စင်အနီး၌ ဦးဆောင်သည့် စစ်ဗိုလ်နှင့်အတူ စစ်သား ၅ ယောက်က ၀ိုင်း အဓမ္မပြုကျင့်သည်ဟု ဆို၏။ ထို့နောက် နန်းခမ်းအား ၁၆း၃၀ နာရီ ပြန်လွတ်လိုက်ပြီး သတင်းပေါက်ကြားပါက အိမ်အထိ တစ်မိသားစုလုံး သွားရောက် ပစ်သတ်မည်ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ထိုဖြစ်စဉ်ကို မိဘများကိုသာ ပြောပြခဲ့ပြီး နောက်မှ ဆွေမျိုးများပါ သိသွားရာမှ တရွာလုံး တီးတိုး သတင်းပျံ့နှံ့သွားကြောင်း။ ကျေးရွာအုပ်စု ဥက္ကဌကလည်း မည်သူ့ဆီမှ အရေးယူ တိုင်ကြားပေးခြင်း မပြုရဲဟု ပြောကြောင်း ဆိုပါသည်။

နန်းခမ်းသည် မိုင်းပြင်းမြို့နယ် ယန်းဟိုင်းအုပ်စု ၀မ့်အွန်ရွာနေ ဦးလုံးဆူးဝမ်း - ပါအိုင် တို့၏ သမီးဖြစ်သည်။

(
သျှမ်းသံတော်ဆင့် သတင်းစဉ်မှ)

No comments:

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။