Saturday, October 20, 2007

မြန်မာ့အရေးအပေါ် ဂျပန်သံဟောင်း၏ လွဲမှားသော အမြင်များ(၁)

ရေးသားသူ - ယိုအိချီယာမာဂုချိ ................ချေပသူ - မောင်ဒိုင်း


မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် သံဃာတော်များ၏ ဆန္ဒပြမှုများကို ဒီမိုကရေစတောင်းဆိုမှု လူထု အုံကြွမှုကြီး အဖြစ် နိုင်ငံတကာ သတင်းဌာနများက ကြိုးပမ်းတင်ပြခဲ့ကြသည်။ အကယ်စစ်စစ် တစ်ဖက်တည်းမှ ဘက်မလိုက်ခဲ့လျှင် အဆိုပါ ဖြစ်စဉ်သည် ရိုးရိုးရှင်းရှင်း ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။

(ဂျပန်ကနေ နိုင်ငံတကာသတင်းတွေမကြည့်ဘဲ မှန်ပြောင်းနဲ့ ထိုင်ကြည့်နေလို့ပါ..)

၁၉၉၅ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အဖြစ် တာဝန်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ဆယ်စုနှစ်ကျော်မျှ ထိတွေ့ ဆက်ဆံမှု ရှိခဲ့ပါသည်။

(ကျနော်တို့က မွေးကတည်းက နေလာတာခင်ဗျ…)

သံအမတ်တာဝန် ပြီးဆုံးသည့် အခါတွင်လည်း မြန်မာနိုင်ငံသို့ အရေးတယူ(အရေးတယူလား?.. အပေးအယူလား?) ပုံမှန်လည်ပတ်မှုများ ရှိခဲ့သည့် အလျောက် ယနေ့ မြန်မာနိုင်ငံရှိ တပ်မတော် အစိုးရသည် ပိုပေါ့လက်ထက် ကမ္ဘောဒီးယားနိုင်ငံအခြေအနေ၊ ဖာဒီနန်မားကို့စ်လက်ထက် ဖိလစ်ပိုင်နိုင်ငံအခြေအနေများနှင့် လုံးဝမတူကြောင်း ကျွန်တော်က ထွက်ဆို ပြောကြားလိုပါသည်။

(ဘယ်သူက ရိုက်စစ်လို့ ထွက်ဆိုချင်ရတာလဲ…အမှန်စင်စစ် ပိုပေါ့+ဖာဒီနန်မားကို့+ဟစ်တလာ+ဆက်ဒမ်ဟူစိန် တို့လောက်မှ တူမှာ မဟုတ်လား)

သို့သော် လက်ရှိ မြန်မာနိုင်ငံ အစိုးရ၏ ကောင်းသော ဆောင်ရွက်ချက်များကိုမူ နိုင်ငံတကာ သတင်းဌာနများက သတင်းထုတ်လွှင့်မှု နည်းပါးလှသည်ကို တွေ့ရသည်။

(ဆောက်ပြီး ခြောက်လကြာရင်ပြိုကျတဲ့ ဂုံးကျော်တံတားတွေ၊ တံတားဆောက်ပြီး ဆက်ကြေးတွေနင်းကန်ကောက်တဲ့ဟာတွေ၊ လမ်းဖောက်ပြီး တိုင်းရင်းသားတွေရဲ့ နယ်မြေ သယံဇာတတွေကို ထိန်းချုပ်လာတာတွေကို ကောင်းသောဆောင်ရွက်ချက်လို့ ဆိုချင်တာလား၊ ဒါဆိုရင် ယိုအိချီယာမဂုချီက စစ်အစိုးရခေါ်ခေါ်ပြနေတဲ့ အပေါ်ယံအရေအတွက်ပဲ မြင်ပြီး တကယ့်အခြေခံလူတန်းစားတွေ ဘာဖြစ်နေသလဲ၊ စစ်အုပ်စုရဲ့ ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ အကွက်တွေဘာလဲဆိုတဲ့ အရည်အချင်းသဘောမမြင်တာ ထင်ရှားနေပါတယ်)

ဥပမာအားဖြင့် ပြောရပါလျှင် အစိုးရဆန့်ကျင်သော ဆန္ဒပြမှုများတွင် လူတစ်သိန်း ကျော်ပါဝင် ခဲ့ကြောင်း ဂျပန်သတင်းစာ အများစုက ရေးသား ဖော်ပြခဲ့သည်။ တီဗီဖန်သားပြင်ပေါ်တွင် မြင်ရသော မြင်ကွင်းများကို လေ့လာကည့်ရာ လူတစ်သိန်းဆိုသော အရေအတွက်သည် မူလရှိသည်များထက် များစွာ ဖောင်းပွ ပြောဆို ထားကြောင်း တွေ့ရှိနိုင်ပါသည်။

(ဒါကမဆန်းပါ။ စစ်အုပ်စု ခြိမ်းခြောက်အကြပ်ကိုင်ပြီးလုပ်နေသည့် ထောက်ခံပွဲများ၏ လံကြုတ်သတင်း၊ လံကြုတ်အရေအတွက်များ ဒီ့ထက်ဆိုးပါသည်။ ဂျပန်က အသံလွှင့်ဌာနတွေက လွှင့်လည်း ခဏပေါ့။ နအဖ လို နေ့တိုင်း လိမ်နေတာထက်စာရင် သူ့မီဒီယာပေါ်လစီနဲ့သူမို့ ပြောစရာမရှိပါဘူး။)

မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင်သော လှုပ်ရှားမှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပုံကြီးချဲ့ သတင်းပို့သော ရေးသားမှုများသည် အသစ်အဆန်းမဟုတ်ပေ။ မိမိမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ယူစဉ် ကာလက ဒေါ်အောင်ဆန်းစုကြည့်၏ အိမ်ရှေ့ တွင် အပတ်စဉ် လူ ၃၀၀၀၊ ၄၀၀၀ စုရုံးရောက်ရှိလေ့ ရှိကြောင်း ဂျပန်မီဒီယာများက သတင်းရေးသား ထုတ်ပြန်လေ့ ရှိပါသည်။ သို့သော် မိမိ၏ သံရုံးဝန်ထမ်းများက သွားရောက် ကြည့်ရှုရာတွင် အမှန်တကယ် လူစုမှာ ၅၀၀၊ ၆၀၀ ခန့်သာ ဖြစ်သည်ကို သိရှိခဲ့ရ ပါသည်။

(သတင်းစာလောက၊ နိုင်ငံရေးလောကတွင် အဆန်းမဟုတ်ပါ။ ဒီတချက်မှားနေလို့ ကျန်တာတွေပါ မယုံရတာပါဟု လော့ဂျစ်လုပ်ရင်တော့ သံအမတ်ကြီး လက်ထိပ်ကို ပုရွက်ဆိတ်ရင် လက်မောင်းရင်းကသာ ဖြတ်ပစ်လိုက်။ အဲဒီလော့ဂျစ် အတူတူပဲ။ နောက်တချက်က သံအမတ်ကြီးရဲ့ ၀န်ထမ်းတွေကရော သံအမတ်ကြီး အကြိုက်လိုက်ပြောသလား၊ စစ်အုပ်စုက ခွံပြီးသင်ထားတဲ့အတိုင်း ၀ိုင်းလိမ်ပေးသလား။ သံအမတ်ကြီးပြောပုံက တနိုင်ငံလုံးအတိုင်းအတာ Macro ကိုမမြင်ဘဲ၊ စစ်အုပ်စုရဲ့ ပါးစပ်သုံးလေးပေါက် အတိုင်းအတာ Micro လောက်သာ မြင်တတ်ကြောင်း ထင်ရှားနေပါတယ်။)

သတင်းဌာနများက ရေးသား ထုတ်လွှင့်မှုများသည် အကယ်စစ်စစ် ဒေါ်စုကြည့် ဘက်မှသာ အမြဲတမ်း ဘက်လိုက် ထုတ်ပြန် ခဲ့ကြ သည်။ ထို့အတူ ယခုလည်း အလားတူပင် ရေးသား ထုတ်ပြန်နေဆဲ ဖြစ်သည်။

(သံအမတ်ကြီးသည် မြန်မာကျောင်းသားလေးတစ်ယောက်နှင့် စကားစစ်ထိုးလျှင်ပင်နိုင်မည့်သူ မဟုတ်ကြောင်း ဖတ်လေ ပေါ်လွင်လေဖြစ်သည်။ မေးလိုသည်မှာ စစ်အုပ်စုက ဒေါ်စုကို ဖြစ်စေ၊ ဒေါ်စုဘက်မှဖြစ်စေ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ထုတ်ပြန်ခွင့်မပေးဘဲ စစ်အုပ်စုက ပြောချင်ရာတဖက်သတ်ပြောနေတာကရော ဘက်လိုက်နေတာဟု ဘာကြောင့် မပြောနိုင်ရမည်နည်း။ ထို့ကြောင့် နိုင်ငံတကာမီဒီယာနှင့် မြန်မာဘလော့ဂ်များက မပြောလျှင် ဒေါ်စု ဘက်မှ မည်သူက ရပ်ခံပြောဆိုပါမည်နည်း။ ယခုသံအမတ်ကြီးသည်ပင်လျှင် ကြားနေမရပ်နိုင်ဘဲ စစ်အုပ်စုဖက်လိုက်ပြောနေသည်ပင်မဟုတ်လော။ ထို့ပြင် စစ်အုပ်စုက သူတို့ပြောချင်ရာကို သတင်းစာ၊ ရေဒီယို၊ ရုပ်သံတို့က တရစပ်ပြောနေရကား နိုင်ငံတကာက သံယောင် ထပ်လိုက်ပေးရဦးမည်လား။ မသိရသေးသည့်ဖက်က ရှာဖွေတင်ပြပေးခြင်းသည်သာ မီဒီယာအလုပ်မဟုတ်ပါလော။ သံအမတ်ဟောင်းဖြစ်ဖူးသည့်အားလျော်စွာ ချိန်ချိန်ဆဆပြောစေချင်ပါသည်။)

ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )က ဆန္ဒပြသူများကို ငွေပေးစည်းရုံးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လက်နက်များကို လုယူရန် ကြိုးပမ်းခြင်းကြောင့် ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ရခြင်း ဖြစ်ပါသည် စသည့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်မှုများကို ဂျပန်မီဒီယာများက သတင်းအဖြစ် ရေးသား ဖော်ပြခြင်း မပြုကြပါ။ လူထု အင်အားများရေး အတွက် ဆန္ဒြုပသူ အများအပြားကို NLD က စုစည်း စည်းရုံးသည်ဆိုသည့် အချက်မှာ ငြင်းကွယ်၍ မရနိုင်ပါ။ သံဃာတော်များက လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဘုန်းကြီးကျောင်းအတွင်း ထိန်းသိမ်းထားကာ မော်တော်ယာဉ်များကို မီးရှို့ ပစ်သည့် ဖြစ်စဉ်များကိုလည်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ခြင်း မပြုခဲ့ပါ။

(အထက်တွင်ဆိုခဲ့သည့်အတိုင်း နအဖ ပြောသလိုသာ လိုက်ပြောပြီး နအဖ မပြောတာ မလွှင့်ရဆိုပါလျင် နိုင်ငံတကာမီဒီယာတွေ ဘာလုပ်ဖို့ရှိနေတော့မည်နည်း။ နအဖက ခဲနှင့် အပေါက်ခံရပါသည်ဟု ငယ်သံပါအောင်ဟစ်သည်။ သူတို့ သေနတ်နဲ့ပစ်တာကိုတော့ မှတ်တမ်းဗီဒီယိုတွေသာမရှိလျင် ဗြောင်လိမ်မည်ပင်။ ယခု သက်သေနှင့်တကွ ပြသည်ကိုပင် ဗြောင်လိမ်နေဆဲ မဟုတ်ပါလား။)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိပြီးနောက် ၁၇ နှစ်အကြာတွင် ဒေါ်စုကြည်အပေါ် မြန်မာပြည်သူ များ၏ အမြင်မှာ များစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ဒေါ်စုကြည်သည် အမေရိကန်နိုင်ငံမှ ငွေကြေးထောက်ပံ့မှုနှင့် နိုင်ငံရေး ထောက်ခံမှု များစွာ ရရှိခဲ့ကြောင်း ကြားသိကြရသည့် မြန်မာပြည်သူတို့၏ ရင်ထဲတွင် ဗြိတိသျှ ကိုလိုနီလက်အောက်၌ ကိုလိုနီဘ၀ဖြင့် နေခဲ့ရသော အတိတ်ဆိုးများကို မမေ့နိုင်သေးသည့် မျိုးချစ်စိတ် ရှိဆဲဖြစ်သည်။
(ဇာဂနာပြက်လုံးထက် ဟာသမြောက်ပေသည်ဟုသာ ပြောလိုက်ချင်သည်။ ဘယ်ပညာရှိ၊ ဘယ်စစ်တမ်းကများ ပြောလိုက်ပါလိမ့်။ နအဖက ပေးတဲ့ အစီရင်ခံစာကြည့်ပြောတာ သေချာတယ်။ တသံတည်းပဲ။ ကျုပ်မြန်မာတောထဲက မြန်မာတစ်ယောက်ပါ။ ဒါပေမယ့် ဒီဂျပန်က တို့မြန်မာတွေထက် ပိုသိတယ်ဗျို့။ ပညာရှင်စာတမ်းဖတ်ပွဲမျိုးတွင်သာဆိုပါက ခေါင်းမဖော်နိုင် ဝေဖန်ခံရဖို့ရှိသည်။)

1 comment:

Anonymous said...

why i cant read properly ... i have MM fonts 2 read most d sites.. wht dont do u used?

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။