Saturday, October 20, 2007

ဂျိုကုပ်မှူးကြီးတိုင်းခန်းလှည့်လည်ခြင်း

တနေ့ မှာပေါ့ ။ ဘုရင်ရူး ရူးနေတဲ့ ဂျိုကုပ်မှူးကြီးတယောက်ဟာ ရှေးရှေးတုန်းက ဘုရင်တွေကို အားကျပြီး တိုင်းခန်းလှည့်လည်ဖို့ အကြံရသတဲ့။ ဂျိုကုပ်မှူးကြီးက ရှေးဘုရင်တွေလို ရုပ်ဖျက်စရာတော့ မလိုဘူး။ သူ့ ရုပ်က နဂိုကတည်းကပျက်ပြီးသားမို့ လို့  :-D ဘယ်နှယ့်ဗျာ။ မြန်မာပြည်က ကာတွန်းဆရာတွေ၊ရုပ်ပြောင်ရေးတဲ့ဆရာတွေ က ကျုပ်တို ဂျိုကုပ်မှူးကြီးကို ခွေးတွေ၊ဝက်တွေ နဲ့ များနှိုင်းရတယ်လို့ ။ ခွေးတွေ၊ ဝက်တွေက အပုံကြီးပိုချောပါတယ်ဗျ။ :-D အဲဒါနဲ့ ခွေးတွေ ၊ဝက်တွေ၊ရှိသမျှအကောင်ပလောင်တွေ အားလုံး မခံမရပ်နိုင်ဖြစ်ပြီးတော့ သူတို့ ကို ဂျိုကုပ်မှူးကြီးနဲ့ မနှိုင်းကြဖို့ စုပြီး တိရစ္ဆာန်များသဘောထားဆိုပြီး ကြေငြာချက်တွေ၊ မေတ္တာရပ်ခံချက်တွေ ထုတ်ကြတယ်ဆိုပဲ။

အဲဒါနဲ့  ဂျိုကုပ်မှူးကြီးတိုင်းခန်းလှည့်လည်ရောဆိုပါတော့။ ဂျိုကုပ်မှူးကြီးတိုင်းခန်းလှည့်လည်တာလဲ ဂျိုကုပ်များရာဇဝင်မှာ စာတင်လောက်တယ်ဗျို့ ။ ပထမ night club တွေကိုချည်း ဗူးခန်းလှည့်လည်၊ အဲလေ…ယောင်လို့ …..တိုင်းခန်းလှည့်လည်တယ်။ နောက်တော့ အနံ့ ထွက်နေတဲ့ model girl တွေဆီကို(သတင်းအနံ့ ကိုပြောတာနော်။ တခြားအနံ့ ဟုတ်ဘူး။ ) တိုင်းခန်းလှည့်လည်တယ်။ ဒါပေမယ့် ဘယ်နေရာကမှ ဂျိုကုပ်မှူးကြီးကို ကောင်းကောင်း မကြိုဆိုကြဘူးတဲ့။ ဂျိုကုပ်မှူးကြီးလဲ ငြီးငွေ့ လာရောဆိုပါတော့။ အဲဒါနဲ့  ပညာရေးဘက်လှည့်ဖို့  ပညာရေးဝန်ကြီး (ခဏခဏ စနစ်တွေ၊ syllabus တွေ ပြင်ပြီး ကျောင်းသားတွေကို ညာနေလို့  ပညာရေးဝန်ကြီးလို့ ခေါ်တာ။) ပညာရေးဝန်ကြီးနဲ့ တိုင်ပင်ပြီးတော့ ကျောင်းတွေဆီကို တိုင်းခန်းလှည့်လည်ဖို့  စိတ်ကူးရသတဲ့။ ဒါပေမယ့် ဂျိုကုပ်ကြီးက သူ့ ကိုယ်သူ သိတယ်။ တက္ကသိုလ်တွေ မပြောနဲ့ ၊ မူလတန်းကျောင်းတောင်မသွားရဲ ဘူး။ သူ့ ကိုကျောင်းသားတွေက ဝိုင်းပြီး ဘေလိုက်ရင် အမြီးတခြားကိုယ်တခြား…အဲလေ…ယောင်လို့ ….ခေါင်းတခြားကိုယ်တခြား ဖြစ်သွားမှာစိုးလို့ မသွားရဲဘူးတဲ့။ အဲဒါနဲ့  မူကြိုကျောင်းကိုပဲ သွားဖို့  ဆုံးဖြတ်လိုက်တယ်တဲ့။ ထုံးစံအတိုင်းပဲ မူကြိုကျောင်းကို ဘယ်နေ့ ဘယ်ရက်ဘယ်နှစ်နာရီ၊ဘယ်နှစ်မိနစ်၊ဘယ်နှစ်စက္ကန့် မှာ ရုတ်တရက်ရှောင်တခင် အမှတ်အထင် ဝင်စစ်ဆေးမယ်ဆိုတာ အတိအကျ ကြိုတင်သတင်းပေးရတာပေါ့။ အဲဒါနဲ့  မူကြိုကျောင်းက ဖားဖို့ စိတ်စော နေတဲ့ ဆရာမကလည်း ဘုစုခရုလေးတွေနဲ့  ဇာတ်တိုက်လေ့ကျင့်ရတော့တာပေါ့။ “ဂျိုကုပ်မှူးကြီး ချမ်းသာပါစေ" …ဘာညာပေါ့ဗျာ၊) အဲဒီမှာ ဘုစုခရုလေးတစ်ယောက်က သူ့ အိမ်မှာ ကြောင်မကြီးက ကြောင်လေးတွေ မွေးတယ်တဲ့။ ကြောင်လေးတွေက သူခိုးများညီလာခံ က ချမှတ်ထားတဲ့ အခြေယိုင်ဥပဒေကို ထောက်ခံပါတယ်တဲ့။ တကယ် ဂျိုကုပ်မှူးကြီးလာတဲ့နေ့ လည်းရောက်ရော မူကြိုက ဆရာမလေးလည်း ဝမ်းသာအားရနဲ့  ကြောင်လေးတွေ အကြောင်းပြောပြီးဖားတော့တာပေါ့။ ဂျိုကုပ်ကြီးလည်း သူတို့ လုပ်တာ ထောက်ခံမယ့်သူရှိလို့ ဝမ်းသာအားရဖြစ်ပြီးတော့ ဘုစုခရုလေးကို ကိုယ်တိုင်မေးတော့တာပေါ့။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ ဘုစုခရုလေးက “အခု ကြောင်လေးတွေလည်း မထောက်ခံတော့ဘူး။ အဲဒီတုန်းက သူတို့  မွေးကာစ ဆိုတော့ မျက်စေ့ကောင်းကောင်း မပွင့် သေးဘူးလေ။ အခု မျက်စေ့ပွင့်လာပြီ ” တဲ့။ မှတ်ကရော။ ဟုတ်တယ်။ သူတို့ လုပ်သမျှ ပုတ်သင်ညိုတွေကို သွားပြောရင်တောင်မှ ပုတ်သင်ထု တရပ်လုံးကတညီတညွတ်တည်း ခေါင်းခါကြမယ်ထင်တယ်။ (တကယ့် ပုတ်သင်အစစ်တွေကို ပြောတာပါ။ လူ့ ပုတ်သင်တွေမပါဘူး။)

ကောင်းကင်ကို

မှတ်ချက်။ ။ Reader’s digest ထဲက ဟာသတပုဒ်ကို အနည်းငယ်မှီငြမ်းထားပါတယ်။

No comments:

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။